FEMA ၏ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခြင်းဆိုင်ရာ အကြံပြုချက်များ

Release Date Release Number
011
Release Date:
အောက်တိုဘာလ 14, 2021

နယူးယောက် - ဟာရီကိန်း အိုင်ဒါ နယူးယောက်ပြည်နယ်အတွင်း တိုက်ခတ်ပြီးနောက်ပိုင်းတွင် သင်သည် FEMA ၏ ဘေးအန္တရာယ်ဆိုင်ရာအထောက်အပံ့ကို လျှောက်ထားခဲ့ပြီး သင်သည် ပြန်စာတစ်စောင် လက်ခံရရှိခဲ့သည်။ စာပါအကြောင်းအရာကို သေချာစွာမသိသော်လည်း ကောင်းမွန်သည့်အဖြေမဟုတ်ဟု သင်က ယူဆသည်။

သင်၏လျှောက်လွှာတွင် အချက်အလက်များ မပြည့်စုံပါက FEMA သည် ဤသို့သောစာများ ပို့လေ့ရှိပါသည်။ သင်မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားမပါရှိခြင်း၊ သို့မဟုတ် သင်က အိမ်ကိုပိုင်ဆိုင်ကြောင်း အထောက်အထား မပါရှိခြင်း၊ သို့မဟုတ် အိုင်ဒါမတိုင်မီ သင်၏အိမ်တွင် အများအားဖြင့်နေထိုင်ခဲ့ကြောင်း အထောက်အထား မပါရှိခြင်းတို့ ဖြစ်နိုင်သည်။ FEMA ၏ဆုံးဖြတ်ချက်အပေါ် အယူခံဝင်သည့် စာရေးသားရန်အတွက် အကြံပြုချက်တချို့ကို အောက်တွင် ဖော်ပြထားပါသည်။

သင်သည် FEMA သို့ ရက် ၆၀ အတွင်း အယူခံလွှာပို့ရပါမည်

အယူခံဝင်ရာတွင် အရေးကြီးဆုံးအပိုင်းမှာ အယူခံဝင်နိုင်သည့် အချိန်ကာလ ဖြစ်ပါသည်။ FEMA ၏ ဆုံးဖြတ်ချက်စာတွင်ပါသည့် ရက်စွဲမှစ၍ ရက်ပေါင်း ၆၀ အတွင်း ဖြစ်ပါသည်။ သင်၏ FEMA သို့အယူခံလွှာပို့ရမည့် နောက်ဆုံးနေ့ဖြစ်ကြောင်း သင့်အားသတိပေးရန်အတွက် သင့်ပြက္ခဒိန်တွင် ရေးမှတ်ထားပါ။  သင့်စာကို FEMA က လက်ခံရရှိပြီးနောက် သင့်အား ဖုန်းဆက်၍ဖြစ်စေ စာပို့၍ဖြစ်စေ လိုအပ်သည့် အချက်အလက်များကို မေးမြန်းလာနိုင်ကြောင်း သတိပြုပါ။

သင့်အယူခံစာကို မရေးမီ FEMA ၏စာကို သေချာစွာ ဖတ်ပါ။

FEMA က သင့်လျှောက်လွှာ အဘယ်ကြောင့် "သတ်မှတ်ချက်မပြည့်မီကြောင်း" ရေးသားကြောင်း၊ သို့မဟုတ် သင့်အား အထောက်အပံ့ပေးရန် ငြင်းဆိုကြောင်း သို့မဟုတ် သင့်လျှောက်လွှာနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန် ဆိုင်းငံ့ထားကြောင်း သင်နားလည်ရန် လိုအပ်သည်။ အများအားဖြင့် အကြောင်းရင်းများမှာ စာရွက်စာတမ်း သို့မဟုတ် အချက်အလက် လိုအပ်နေခြင်း စသည့် ရိုးရှင်းသော အကြောင်းရင်းများသာ ဖြစ်ပါသည်။ FEMA ၏စာကို အစအဆုံး သေချာစွာဖတ်ပြီး စာတွင် တောင်းဆိုထားသည့်အချက်ကို နားလည်အောင်ကြည့်ပါ။

သင်၏အယူခံလွှာကို အထောက်အကူပြုမည့် အထောက်အထားများကို ပူးတွဲပေးပို့ပါ

သင်၏ အယူခံစာတစ်မျိုးတည်းဖြင့် FEMA ၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် မလုံလောက်ပါ။ သင်အယူခံဝင်သည့် အချက်နှင့် ပတ်သက်သည့် အထောက်အထား လိုအပ်ပါသည်။ FEMA တောင်းဆိုသည့် စာရွက်စာတမ်း သို့မဟုတ် အချက်အလက်ကို ပူးတွဲပေးပို့ရန် အရေးကြီးပါသည်။ အောက်ပါတို့ကို သင်၏စာတွင် ပူးတွဲပါ-

  • FEMA ၏စာမိတ္တူ - သင့်အားအထောက်အပံ့ပေးရန် ငြင်းဆိုသည့် သို့မဟုတ် အေဂျင်စီက ဆုံးဖြတ်ချက်မချနိုင်ကြောင်း စာ
  • အာမခံ စာများ - သင့်အိမ်ကို ပြင်ရန်အတွက်၊ နောက်တစ်နေရာတွင် နေထိုင်ရန်အတွက်၊ ပျက်စီးသွားသည့် ပစ္စည်းများကို အစားထိုးရန်အတွက် အာမခံက ပေးလျော်သည့်ငွေသည် အလွန်နည်းပါးနိုင်ပါသည်။ သင့်အာမခံကုမ္ပဏီက ပေးလျော်ပြီးသော အရာများအတွက် FEMA က ထပ်မံထောက်ပံ့မည်မဟုတ်ပါ?
  • နေထိုင်ကြောင်း အထောက်အထား - မီးဖိုးရေဖိုးတောင်းခံလွှာ၊ ယာဉ်မောင်း လိုင်စင်၊ အိမ်ငှားစာချုပ် သို့မဟုတ် ဘဏ်စာရင်းရှင်းတန်း၊ ရပ်ကွက်ကျောင်းမှ စာရွက်စာတမ်း၊ ကားမှတ်ပုံတင် သို့မဟုတ် အလုပ်ရှင်ထံမှစာ မိတ္တူ။ ပျက်စီးသွားသော အိမ် သို့မဟုတ် အငှားအိမ်တွင် သင်အဓိကနေထိုင်နေကြောင်း ယင်းမိတ္တူများကို အထောက်အထားအဖြစ် သုံးနိုင်ပါသည်။ "အဓိက" ဆိုသည်မှာ ယင်းနှစ်အတွင်း သင်သည် အချိန်ကာလအများစု နေထိုင်ခဲ့သည်ဟု ဆိုလိုသည်။
  • ပိုင်ဆိုင်ကြောင်း အထောက်အထား - အိမ်ဝယ်ယူစဉ် ချေးငွေ သို့မဟုတ် အာမခံအထောက်အထားများ၊ အခွန်ပေးဆောင်သည့် ပြေစာ သို့မဟုတ် ဂရန်၊ ယခုမှ ၂၀၁၆ ခုနှစ်အတွင်း အိမ်ကို ကြီးကြီးမားမား ပြုပြင်ထားသည့် ပြေစာများ၊ သို့မဟုတ် တရားရုံးစာရွက်စာတန်းများ။ အကယ်၍ သင်၏ အထောက်အထား စာရွက်စာတမ်းများ ပျက်စီးပျောက်ဆုံးပါက www.usa.gov/replace-vital-documents ကိုနှိပ်ပြီး ယင်းစာရွက်စာတန်းများကို မည်သို့အစားထိုးနိုင်ကြောင်း ဖတ်ရှုပါ။
  • ပြေစာများနှင့် ခန့်မှန်းချေများ - အိမ်ပြုပြင်သည့် ပြေစာများ၊ ခန့်မှန်းချေ ကုန်ကျစရိတ်များ၊ ကွန်ထရက်အလုပ်သမား ခန့်မှန်းကုန်ကျစရိတ် သို့မဟုတ် သင့်အာမခံကုမ္ပဏီမှ အချက်အလက်များ။

သင်ကိုယ်တိုင် အယူခံလွှာ မရေးနိုင်လျှင် သင့်အတွက် ရေးပေးနိုင်မည့်သူကို ရှာပါ

  • သင်သည် လျှောက်ထားသူဖြစ်သော်လည်း သင်ကိုယ်တိုင် အယူခံလွှာမရေးနိုင်ပါက ရေးပေးနိုင်မည့်သူကို ရှာပါ။ ထိုသူသည် သင့်အိမ်သား၊ မိတ်ဆွေ သို့မဟုတ် ရှေ့နေ ဖြစ်နိုင်ပါသည်။ သို့ရာတွင် ညွှန်ကြားချက်အချို့ကို လိုက်နာရပါမည်။ FEMA အား သင်သည် သင့်ကိုယ်စား ထိုသူကို အယူခံလွှာတင်သွင်းရန် ခွင့်ပြုကြောင်း သင်လက်မှတ်ရေးထိုးထားသည့် စာဖြင့် အသိပေးပါ။ FEMA အကူအညီပေးရေးဌာနမှ ကျွမ်းကျင်သူများသည် သင်၏ အယူခံလွှာတွင် မည်သည့်အချက်များ ထည့်သွင်းရန်လိုအပ်ကြောင်း သင့်အား အကြံပေးနိုင်ပြီး အယူခံခြင်းနှင့် မသက်ဆိုင်သော အခြားအကြောင်းအရာများ အတွက်လည်း အချက်အလက်များ ပေးနိုင်ပါသည်။
    • FEMA အကူအညီဖုန်း ၈၀၀-၆၂၁-၃၃၆၂ သို့မဟုတ် VRS (ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ်) ကို ခေါ်ပါ။ ဖုန်းလိုင်းများသည် မနက် ၈ နာရီမှ ည ၇ နာရီအထိ တစ်ပတ် ၇ ရက် ဖွင့်ထားပါသည်။

စာတိုက်၊ ဖက်စ် သို့မဟုတ် အွန်လိုင်းမှ သင့်အယူခံလွှာကို ပေးပို့ပါ။ လက်မှတ်ထိုး နေ့စွဲတပ်ရန် မမေ့ပါနှင့်

သင့်အယူခံလွှာပေးပို့ပြီးနောက် ဖြစ်လာနိုင်သည်များ

FEMA ၏ဆုံးဖြတ်ချက်စာရရှိပြီး ရက်ပေါင်း ၆၀ အတွင်း သင်က အယူခံလွှာရေးသားပေးပို့သည်။ ယခု ဘာဆက်ဖြစ်မလဲ။ FEMA ထံမှ ဖုန်း သို့မဟုတ် စာပေးပို့၍ သင့်ထံမှ အချက်အလက်များ တောင်းခံလာနိုင်သည်။ သို့မဟုတ် သင့်မူလအိမ်ကို ထပ်မံစစ်ဆေးရန် FEMA ကစီစဉ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သင်က FEMA သို့ အယူခံလွှာပေးပို့ပြီးနောက် FEMA က လက်ခံရရှိပြီး ရက် ၉၀ အတွင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်မည်ဖြစ်သည်။

သတိပြုရန်များ -

  • ဟာရီကိန်းအိုင်ဒါကြောင့် တရားရေးဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေရသည့် ဝင်ငွေနိမ့် ပြည်သူများသည် ၈၈၈-၃၉၉-၅၄၅၉ သို့ အခမဲ့ ဆက်သွယ်ပြီးအကြံတောင်းခံနိုင်သည်။ ဥပဒေဝန်ဆောင်မှုပေးသူက သင့်အား ဆက်သွယ်စေလိုပါလျှင် https://nysba.org/ida တွင် ဖောင်ပုံစံဖြည့်ပါ။ ဥပဒေဆိုင်ရာ အကူအညီများတွင် ဥပမာအားဖြင့် အောက်ပါတို့ ပါဝင်သည်-
    • အစိုးရထောက်ပံ့မှုများဆက်လက်ရှိရေး အကူအညီ
    • အသက်အာမခံ၊ ဆေးကုသရေးနှင့် ပိုင်ဆိုင်မှု အာမခံတောင်းဆိုမှုဆိုင်ရာ အကူအညီ
    • အိမ်ပြုပြင်ရန် စာချုပ်ချုပ်ဆိုခြင်းနှင့် ကွန်ထရက်တာများနှင့်ပတ်သက်ပြီး အကူအညီ
    • သေတမ်းစာများနှင့် အခြား အရေးကြီးသည့် ပျက်ဆီးပျောက်ဆုံးသော တရားဝင်စာရွက်စာတမ်းများကို အစားထိုးခြင်း
    • စျေးကစားခြင်းစသည့် စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပြန်လည်ပြုပြင်သည့် လုပ်ငန်းစဉ်တွင် ဆောက်လုပ်ရေးသမားများ၏ လိမ်ညာမှုများကို ရှောင်လွဲခြင်း
    • အိမ်ဝယ်ချေးငွေမပေးဆပ်နိုင်ရန် ဘဏ်ကသိမ်းဆည်းခြင်းပြဿနာအတွက် ဆွေးနွေးတိုင်ပင်ခြင်း
    • အိမ်ရှင်-အိမ်ငှားပြဿနာဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း
  • FEMA အထောက်အပံ့သည် အာမခံပေးလျော်မှုကို အစားထိုးခြင်းမဟုတ်ပါ။ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအားလုံးကို အစားထိုးပေးနိုင်ခြင်းမရှိကြောင်း သတိပြုပါ။ ၎င်းသည် ဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရန်အတွက် အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးရန်သာ ရည်ရွယ်ပါသည်။
  • FEMA အကူအညီကို လျှောက်ထားပုံ - DisasterAssistance.gov သို့သွားပါ။ FEMA မိုဘိုင်းအက်ပ် ကိုသုံးပါ သို့မဟုတ် FEMA အကူအညီ သို့ ၈၀၀-၆၂၁-၃၃၆၂ (VRS) ကို ခေါ်ပါ။ ဖုန်းလိုင်းများသည် မနက် ၈ နာရီမှ ည ၇ နာရီအထိ တစ်ပတ် ၇ ရက် ဖွင့်ထားပါသည်။ ဖုန်းအော်ပရေတာက သင့်ဘာသာစကားပြောသည့် ကျွမ်းကျင်သူနှင့် ချိတ်ဆက်ပေးနိုင်ပါသည်။
  • အကယ်၍ သင်က VRS (ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ်)၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြားစနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။
    • သင်သည် ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာ သို့ သွားပြီး FEMA ဝန်ထမ်းနှင့် အခြား ဖက်ဒရယ်နှင့် ပြည်နယ်အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် ကိုယ်တိုင်တွေ့ပြီး ၎င်းတို့က ဘေးအန္တရာယ်ဆိုင်ရာ အကူအညီများနှင့် ပတ်သက်ပြီး အချက်အလက်များ ပေးနိုင်ပါသည်။ သင့်အနီးရှိ ပြန်လည်ထူထောင်ရေးစင်တာကို ရှာရန် DRC Locator (fema.gov) တွင် ကြည့်ပါ။
    • FEMA ဘေးအန္တရာယ်ဆိုင်ရာ အကူအညီကို ဒီဇင်ဘာလ ၆ ရက်၊ တနင်္လာနေ့ နောက်ဆုံးထား လျှောက်ထားရမည်။
  • ထပ်ဆောင်း အွန်လိုင်းအရင်းအမြစ်များနှင့် FEMA လက်ကမ်းစာစောင်များကို DisasterAssistance.gov တွင် ကြည့်ပြီး "Information" ကိုနှိပ်၍ အချက်အလက်ရယူပါ။
  • ကွန်မြူနတီအခြေပြု လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အေဂျင်စီများသို့ လွှဲစာများအတွက် ၂၁၁ ကိုခေါ်ပါ သို့မဟုတ် https://www.211nys.org/contact-us သွားပါ။ နယူးယောက်တွင် နေထိုင်သူများ ၃၁၁ ကို ခေါ်ပါ။
  • ဟာရီကိန်း အိုင်ဒါ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များအတွက် fema.gov/disaster/4615 တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 နှင့် www.facebook.com/fema တွင် ကြည့်ပါ။
Tags:
နောက်ဆုံးအချက်အလက်