မှိုစွဲခြင်း- ပြဿနာနှင့် ဖြေရှင်းနည်းများ

Release Date:
ဇူလိုင်လ 29, 2023

အကယ်၍သင့်အိမ်သည် ရေဝင်ပါက မှိုတက်နိုင်ခြေရှိသဖြင့် သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။ သင့်အဝတ်အစား၊ နံရံနှင့် ပရိဘောဂများတွင် မှိုတက်နေသည်ကို သို့မဟုတ် မှိုနံ့ထွက်နေသည်ကို သတိထားမိနိုင်သည်။ ၎င်း၏အောက်တွင် သို့မဟုတ် အနောက်ဘက်တွင် - ကြမ်းပြင်၊ စက် ကိရိယာနှင့် နံရံနောက် ကဲ့သို့တွင်- မှိုစွဲနေနိုင်သည်။ အိမ်ကို ခြောက်သွေ့စေပြီး ရေများထုတ်ခြင်း၊ ပျက်စီးနေသော အရာများကို အိမ်မှ ထုတ်ပစ်ခြင်းက မှိုကြောင့် ပျက်စီးမှုကို ပြင်ဆင်ရန် အရေးကြီးဆုံး ခြေလှမ်းဖြစ်သည်။ 

မှိုစွဲခြင်းကြောင့် အောက်ပါတို့ ဖြစ်နိုင်သည်-

  • ကျန်းမာရေးအတွက် အန္တရာယ်- မှိုမျိုးမှုန်များသည် သေးငယ်သော သက်ရှိအရာများဖြစ်ပြီး လေထဲတွင် လွှင့်နေနိုင်ကာ ဓာတ်မတည့်ခြင်း၊ ရင်ကြပ်ပန်းနာ၊ ရောဂါကူးစက်ခြင်း၊ အခြား အသက်ရှူလမ်းကြောင်း ပြဿနာများ ဖြစ်စေနိုင်သည်။ မှိုစွဲခြင်းက လူတိုင်းအတွက် ကျန်းမာရေးပြဿနာများစွာ ဖြစ်စေနိုင်သော်လည်း - နို့စို့အရွယ်ကလေးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများကို ပိုမိုထိခိုက်နိုင်သည်။ ပန်းနာရင်ကြပ်ကဲ့သို့ အသက်ရှူလမ်းကြောင်း ပြဿနာရှိသူ သို့မဟုတ် ကိုယ်ခံအားနည်းသူများသည် မှိုတက်သည့်အရာများနှင့် ဝေးရာတွင် နေသင့်သည်။ 
  • အဆောက်အအုံ ပျက်စီးခြင်း - မြင်နိုင်သည့် အပျက်အစီး မရှိစေကာမူ မှိုတက်ပြီး ဆွေးနေခြင်းမျိုး ဖြစ်နိုင်သည်။ အကယ်၍ သင့်အိမ်တွင် မှိုစွဲနေလျှင် မှိုပျံ့နှံ့နေသည့် အရာအားလုံးကို သန့်ရှင်းစေပြီး ခြောက်သွေ့အောင် လုပ်ဆောင်ရမည်။ ၂၄-၄၈ နာရီအတွင်း သန့်ရှင်းခြောက်သွေ့အောင် လုပ်ဆောင်နိုင်ခြင်း မရှိပါက ၎င်းတို့အား လွှင့်ပစ်ရမည်ဖြစ်သည်။ ၎င်းတွင် အဆောက်အအုံ ဆောက်လုပ်ရေးပစ္စည်းများနှင့် ကိုယ်ပိုင်ပစ္စည်းများ ပါဝင်သည်။ ကပ်ဘေးအပျက်အစီးများ ရှင်းလင်းခြင်းတွင် ကလေးများ ပါဝင်ရန် မသင့်ပါ။ 

မှိုစွဲခြင်းကို ဘယ်လို ဖယ်ရှားမလဲ

မှိုစွဲခြင်းကို ဖယ်ရှားခြင်းနှင့် အိမ်ပြုပြင်ခြင်းတို့သည် ခက်ခဲ သို့မဟုတ် အန္တရာယ်ရှိပြီး ကျွမ်းကျင်သူများထံမှ အကူအညီယူသင့်ပါသည်။ အကယ်၍ သင်သည် မိမိဖာသာ လုပ်ဆောင်ရမည်ဆိုပါက အောက်ပါ အချက်များကို လိုက်နာပါ-

  • အကာအကွယ် ပစ္စည်းများ ဝတ်ဆင်ပါ- မျက်စိကာ အထူးမှန်ကို တပ်ပါ၊ နှာခေါင်းစီး (N95 ကဲ့သို့) တပ်ပါ၊ လက်အိပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နှင့် ရေလုံဘွတ်ဖိနပ်တို့က သင့်အား မှိုနှင့် ထိတွေ့မှု မရှိစေရန် အကာအကွယ်ပေးနိုင်သည်။
  • အဆောက်အအုံကို ခြောက်သွေ့အောင် လုပ်ပါ - အဆောက်အအုံကို အမြန်ဆုံး သန့်ရှင်း ခြောက်သွေ့အောင်လုပ်ပါ။ အကယ်၍ သင့်အိမ်သည် ရက်ပေါင်းများစွာ လူမရှိပါက တံခါးများနှင့် ပြူတင်းပေါက်များ အနည်းဆုံး မိနစ် ၃၀ ဖွင့်ပြီးမှ အလုပ်လုပ်ပါ။ အတွင်းတံခါးများကို ဖွင့်ပြီး အထူးသဖြင့် ဘီဒိုတံခါး၊ အခန်းတံခါးများ ဖြစ်သည်။ မီးဖိုတွင်းမှ အံဆွဲများ၊ ရေချိုးခန်းတွင်းရှိ အံဆွဲ ဘီဒိုတံခါးအားလုံး ဖွင့်၍ ဆပ်ပြာရည်ဖြင့် ဆေးပါ။ လျှပ်စစ်မီးကို အန္တရာယ် မရှိဘဲ သုံးနိုင်ပါက ပန်ကာနှင့် အခြောက်ခံစက်များဖြင့် လေလည်ပတ်နေအောင် လုပ်ပြီး စိုထိုင်းမှုကို ဖယ်ရှားပါ။ လေကိုအပြင်ထုတ်နိုင်ရန် ပန်ကာများကို တံခါးနှင့် ပြူတင်းပေါက်များသို့ ဦးတည်၍ ဖွင့်ပါ။ အပူပေးစက်၊ လေထုတ်စက်၊ လေအေးစက်များ မဖွင့်မီ စစ်ဆေးပါ။ သို့မှသာ မှိုများ သင့်အိမ်အတွင်း ပျံ့နှံ့ခြင်းကို ရှောင်လွှဲနိုင်မည်။ 
  • ပျက်စီးနေသော အရာအားလုံးကို ဖယ်ရှားပါ - စိုနေသော အရာအားလုံး၊ သန့်ရှင်းခြောက်သွေ့အောင် မလုပ်နိုင်သည့်အရာအားလုံးကို ဖယ်ရှားပြီး လွှင့်ပစ်ပါ။
  • သန့်စင်ခြင်း- ဆပ်ပြာ၊ ရေတို့ဖြင့် သန့်ရှင်းအောင် လုပ်ပါ။ မြင်သမျှ မှိုအားလုံးကို ဖယ်ရှားပါ။ ချက်ခြင်း အခြောက်ခံပါ။ သန့်ရှင်းသော ပစ္စည်းနှင့် အတူ မထားပါနှင့်။ အရောင်ချွတ်ဆေးနှင့် အမိုးနီးယားကို မရောစပ်ပါနှင့် - ယင်းသို့ပြုလုပ်ပါက အဆိပ်ဖြစ်စေသော အငွေ့များ ထွက်လာမည်။ သင့်အိမ်ကို သန့်ရှင်းပြီးပါက ရေချိုးပြီး သင့်အဝတ်အစားများကို ချက်ခြင်းလဲပါ။ သို့မှသာ မှိုများက ကျန်နေရာများသို့ ပြန့်နှံ့ခြင်းကို ရှောင်လွဲနိုင်မည်။ 
  • ပြုပြင်ရန် ပြင်ဆင်ခြင်း- မှိုပေါ်တွင် ဆေးသုတ်ခြင်း၊ ပတ်တီးရိုက်ခြင်းက မှိုများ ပျံ့ပွားခြင်းကို မတားဆီးနိုင်ပါ။ ရေနှင့် စိုထိုင်းမှု ပြဿနာကို လုံးဝဖယ်ရှားပြီး ဆေးမသုတ်မီ သို့မဟုတ် ပတ်တီးမရိုက်မီ မှိုအားလုံးကို သန့်စင်ပါ။ မှိုအားလုံးကို ဖယ်ရှားပြီး မှိုစွဲခဲ့သည့်နေရာအားလုံးကို ပိုးသတ်ပြီးမှသာ အိမ်ပြုပြင်မှုကို စတင်ပါ။ 

FEMA အကူအညီလျှောက်ထားခြင်း

ဖြစ်နိုင်ပါက သင့်အိမ်ကို မပြုပြင်မီ အပျက်အစီးများကို ဓာတ်ပုံရိုက်ထားပါ။ အိတ်စိုက်ပြင်ရသည့် ကုန်ကျစရိတ်များအားလုံးအတွက် ပြေစာများ သိမ်းထားပြီး FEMA စစ်ဆေးသူကို ပြပါ –  ၎င်းသည် သင့်ပျက်စီးမှုနှင့် ကုန်ကျစရိတ်ကို မှတ်တမ်းတင်ရန် အကောင်းဆုံးနှင့် အတိကျဆုံးဖြစ်သည်။ 

အကူအညီလျှောက်ထားရန်အတွက် FEMA အကူအညီလိုင်း ၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်ပါ။ အွန်လိုင်းတွင် DisasterAssistance.gov သို့ သွားပါ။ သို့မဟုတ် FEMA App ကို ဒေါင်းလုဒ်လုပ်ပါ။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။

လူကိုယ်တိုင်၏ အကူအညီလိုပါက ကပ်ဘေးမှ ပြန်လည်နလံထူရေးဌာနသို့သွားပါ။ ၎င်းတွင် FEMA မှ ကျွမ်းကျင်သူများက လျှောက်လွှာတင်ခြင်း၊ မေးခွန်းများကို ဖြေဆိုခြင်းနှင့် ရင်းမြစ်များသို့ ရည်ညွှန်းလွှဲပြောင်းခြင်းများဖြင့် ကူညီပေးနိုင်သည်။ သင့်အနီးအနားရှိ ဌာနကို ရှာရန် fema.gov/drc သို့သွားပါ။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးအချက်အလက်